အောက်တိုဘာ ၁၇ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကနေ ထွက်သွားဖို့ နည်းမျိုးစုံ ဖိအားပေးခံခဲ့ရတယ်လို့ ဖွင့်ဟလာတဲ့ ဒီယောင်
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလမှာ လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ထွက်ခွာဖို့ အတွက် နည်းပေါင်းစုံနဲ့ ဖိအားပေးခဲ့ရတယ်လို့ ကနေ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်က ပြောဆိုလိုက်ပါတယ်။ အသက် ၂၅ နှစ် အရွယ် နယ်သာလန် ကွင်းလယ်လူကို မန်ချက်စတာယူနိုက်တက်က အသည်းအသန် ကမ်းလှမ်းခဲ့သလို ချဲလ်ဆီး ကလည်း စိတ်ဝင်စားခဲ့ပြီး ဘာစီလိုနာက ရောင်းချချင်ခဲ့ပေမယ့် ကစားသမား ကတော့ နူးကမ့်မှာသာ ဆက်လက် ရှိနေချင်တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
ဘဏ္ဍာရေး ပြသနာတွေ ရှိနေခဲ့တဲ့ ဘာစီလိုနာက ဒီယောင်ကို ရောင်းထုတ်ဖို့ ဆန္ဒရှိခဲ့ပြီး အသင်း ကနေ ထွက်ခွာသွားဖို့ အတွက် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ကစားသမား ကိုယ်တိုင်က အသင်းမှာပဲ ဆက်လက် ကစားချင်စိတ်တွေ ပြင်းပြနေတာကို ဘာစီလိုနာတို့ ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချခဲ့ရပြီး ဟော်လန် ကွင်းလယ်လူက အသင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဒီယောင်က “ကျွန်တော် ကတော့ အေးဆေးပါပဲ။ မေလမှာ ကတည်းက ဒီမှာပဲနေဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ဒီကာလ အတွင်းမှာ ကျွန်တော့်ရဲ့ အတွေးအမြင်က ဘယ်တော့မှ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ဒါပေမယ့် ဖိအားတွေ ကတော့ သတင်းစာတွေထဲမှာရော၊ ဥက္ကဌဆီကရော၊ နေရာတိုင်းကပါ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘာစီလိုနာမှာပဲ ဆက်နေချင်တယ်။ အဲ့ဒါကြောင့် ဘယ်အရာကမှ ကျွန်တော့်ကို မနှောက်ယှက်နိုင်ပါဘူး” လို့ ပြောခဲ့ပါတယ်။
လာလီဂါ မှာတော့ အေးဆေးပဲ ဆိုပြီး ရှုံးပွဲတွေ့သွားတဲ့ ဇာဗီရဲ့ ဘာစီလိုနာ
လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြ ဇာဗီက မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ သူတို့အသင်းကို လျှော့မတွက်ဖို့ အတွက် ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ နောက်တဆင့်တက်ဖို့ ရုန်းကန်ရတော့မယ့် ဘာစီလိုနာကို ဒီနေ့ပွဲမှာ အခြေအနေ မကောင်းလောက်ဘူးလို့ အားလုံးက ယူဆနေပေမယ့် ဇာဗီ ကတော့ သူ့အသင်းဟာ လာလီဂါမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာကို ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
ဇာဗီက “ကျနော်တို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်လှည့်နိုင်မလား ဆိုတာ ကိုတော့ သေချာမသိပေမယ့် မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ကိုတော့ ကျနော် သဘောကျတယ်၊ ဘာလို့လဲ ဆိုတော့ ကျနော်က ပြိုင်ဆိုင်ရတာကို သဘောကျလို့ပါ၊ ကျနော်တို့ အင်တာနဲ့ ပွဲမှာ လုပ်နိုင်စွမ်း နည်းပါးခဲ့လို့ ကျရှုံးခဲ့ရပါတယ်၊ ကျနော်လည်း စိတ်မကောင်း ဖြစ်ရပါတယ်၊ ဒါပေမယ့် ကျနော်တို့ အပြုသဘောဆောင်ဖို့ လိုအပ်ပြီး ဥရောပမှာ ကျရှုံးနေပေမယ့် လာလီဂါ မှာတော့ မဟုတ်ပါဘူး”
ဒါပေမယ့်လည်း တကယ်တမ်း ကစားချိန်မှာတော့ ဘာဆာတို့ ရီးရဲယ်မက်ဒရစ်ရဲ့ ဘာနေဗျူးမှာ ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ရပါတယ်။ ဒီပွဲမှာ အဓိက စောင့်ကြည့်ရမယ့် တိုက်စစ်မှူး လီဝမ်ဒေါစကီး အနေနဲ့လည်း ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့သလို ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင် ဘာစီလိုနာက လာလီဂါမှာ ရှုံးပွဲ လုံးဝ မရှိသေးသလို ပေးဂိုး ၁ ဂိုးတည်းသာ ရှိထားတာ ဖြစ်ပါတယ်။
အယ်လ်ကလက်စီကိုမှာ ဘန်ဇီမာက အရေးအကြီးဆုံးကစားသမားလို့ ရော်နယ်ဒို ပြောဆို
စပိန် လာလီဂါရဲ့ အကျော်ကြားဆုံး ပွဲစဉ်ဖြစ်တဲ့ အယ်လ်ကလယ်စီကို ပွဲစဉ်မှာ အရေးအပါဆုံး ကစားသမားက ကာရင်မ် ဘန်ဇီမာ ဖြစ်တယ်လို့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးလ် တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။ ဘန်ဇီမာ ကတော့ ဒီဘက်နှစ်တွေမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကစားသမား ဖြစ်ပြီး အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။
ဒီရာသီမှာ ဒဏ်ရာကြောင့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် ဘန်ဇီမာက အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ အယ်လ်ကလက်စီကိုပွဲမှာ ဘာဆာ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးနဲ့ ဘန်ဇီမာ တို့ရဲ့ အားပြိုင်မှုကို ကြည့်ရှုခဲ့ရပြီး ရော်နယ်ဒို ပြောသလို ဘန်ဇီမာက အထူး ခြေစွမ်းပြပြီး ဦးဆောင်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။
ရော်နယ်ဒို ပြောခဲ့တာ ကတော့ “ဒီပွဲမှာ အရေးအကြီးဆုံး ကစားသမားက ဘယ်သူလဲ ဆိုတာကို ကျနော် ပြောရမယ် ဆိုရင်တော့ ဘန်ဇီမာပါပဲ၊ ဒီနေ့ ပွဲပြီးရင် သူက ဘလွန်းဒီအောဆုနဲ့ အောင်ပွဲခံရမယ့်သူလည်း ဖြစ်ပါတယ်၊ မက်ဒရစ်က အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ အခွင့်အရေး ပိုသာတယ်လို့လည်း ကျနော် ထင်ပါတယ်၊ ဒါပေမယ့် နှစ်သင်းစလုံးက ဘောလုံးကို ကောင်းကောင်း ကစားနိုင်တဲ့ အသင်းတွေ ဖြစ်လို့ ပွဲကတော့ အကြိတ်အနယ် ရှိမှာပါ” ဆိုပြီးတော့ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.