ဒွန်နီ ဗန်ဒီဘိခ် တစ်ယောက် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ လွတ်မြောက်တော့မယ့် အကြောင်းကို ကြားရတာ ဝမ်းသာရပါတယ်။ ဒီကောင်လေးက ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ဖြတ်သန်းဖို့ အချိန်တွေ အများကြီး ကျန်သေးတဲ့ ကစားသမား ဖြစ်ပြီး အရန်ခုံမှာ၊ လူစာရင်းထဲ မပါတဲ့ ဘဝမှာ အချိန် ဖြုန်းတီးဖို့က နှမြောဖို့ ကောင်းပါတယ်။ နယ်သာလန်ထွက်၊ အေဂျက်စ်နဲ့ အတူ တောက်ပလာတဲ့ ဗန်ဒီဘိခ်က (၂၀၂၀) မှာ ယူနိုက်တက်ကို ရောက်လာခဲ့တုန်းက သူ့အပေါ်မှာ မျှော်လင့်ချက်တွေ တနင့်တပိုးပါ။ ဒါပေမယ့် လောကရဲ့ နိယာမ၊ ဘောလုံးလောကရဲ့ လောကဓံတွေက ဒီကစားသမား အပေါ် အပြင်းအထန် ရိုက်နှက်ခဲ့ပါတယ်။
နာလန် ပြန်မထူနိုင်လောက်တဲ့ အနေအထားမျိုးအထိ ဆွဲချသွားခဲ့ပြီး ကစားသမားရဲ့ ကြံ့ခိုင်မှုပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေ ကိုပါ ထိခိုက်စေခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဘောလုံးရာသီ (၃) ခုရှိလာချိန်မှာ သူ ကစားခွင့်ရတဲ့ ပရီးမီးယားလိဂ် ပွဲအရေအတွက်က (၃၅) ပွဲပါ။ ဒီကြားထဲ ပြန်လည် ထူထောင်ရေး အနေနဲ့ ကစားသမားဘဝ ပြန်လည် ရှင်သန်ရေး အနေနဲ့ အဲဗာတန်ကို အငှားနဲ့ သွားကစားတော့လည်း ဖြစ်တန်သလောက် မဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ယူနိုက်တက်ကို ပြန်လာ၊ အရန်ခုံမှာ၊ လေ့ကျင့်ရေးကွင်းမှာ၊ လူစာရင်းထဲ ပါတစ်လှည့်၊ မပါတစ်လှည့် အချိန်တွေကို ဖြတ်သန်းနေရပါတယ်။
အခု သူ့ကို ခေါ်မယ့် အသင်းက ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ်က ကနဦး အငှားနဲ့ ခေါ်မှာ ဖြစ်ပြီး အဲ့ဒီနောက် မှာတော့ ယူရို (၁၅) သန်း အပြင် အပိုဆုကြေးတွေနဲ့ အပြီးသတ် ခေါ်ယူဖို့ပါ သဘောတူထားတယ်။ ယူနိုက်တက် ကလည်း ဒီအတွက် အငှားခေါ်ယူခလည်း ရဦးမယ်။ ကစားသမား အတွက်ရော၊ ယူနိုက်တက် အတွက်ပါ အကျိုးရှိမယ့် ကိစ္စတစ်ရပ်လို့ သုံးသပ်ချင်ပါတယ်။ ဆိုးလ်ရှား လက်ထက်မှာ ယူနိုက်တက်ကို ရောက်လာခဲ့သူ။ ဗန်ဒါးဆား ကိုယ်တိုင် စာရေးပြီး စိတ်ချရအောင် ထည့်ပေးလိုက်တဲ့ ကစားသမား။ ဒီကောင်လေး ဒီလိုမျိုး ကျဆင်းသွားခဲ့တာ ယုံတောင် မယုံနိုင်စရာပါ။ သူက ကွင်းလယ်လူ စစ်စစ် အဖြစ်လည်း ကစားနိုင်တယ်၊ Box to box နေရာ ကစားနိုင်တယ်။
တိုက်စစ်မှူးရဲ့ နောက်မှာလည်း ရွေ့လျား ကစားနိုင်တယ်။ သူ့ရဲ့ ရွေ့လျားမှုတွေ အတွက် လူကောင် ခပ်သေးသေး ခန္ဓာကိုယ်က အထောက်အပံ့ ဖြစ်စေခဲ့တယ်။ ရှေ့နည်းပြတွေ လက်ထက်မှာ မအောင်မြင်ခဲ့တာ ထားဦး၊ အခု နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ဆိုတာက အေဂျက်စ်မှာ ဗန်ဒီဘိခ်နဲ့ လက်တွဲခဲ့ဖူး၊ အရောင်တင်ပေးခဲ့ဖူးတဲ့ နည်းပြ။ ဆရာဟောင်းနဲ့ ပရီးမီးယားလိဂ် ကလပ်မှာ ပြန်လည် လက်တွဲခွင့်ရချိန်မှာတောင် အရင်လို အနေအထားမျိုး ပြန်မရခဲ့တာ တော်တော်လေး ထူးဆန်းသလို နှမြောဖို့လည်း ကောင်းပါတယ်။ ဘောလုံးသမား တစ်ယောက် အတွက် တစ်ခါတလေ မျှော်လင့်ထားသလို မဖြစ်တတ်တာ မဆန်းပါဘူး။ ဒါပေမယ့် ဗန်ဒီဘိခ် ဒီလောက် အထိ ဖြစ်သွားခဲ့တာ အံ့အားသင့်ဖို့ ကောင်းပါတယ်။ နေရာသစ်မှာ အောင်မြင်ပါစေလို့ပဲ ဗန်ဒီဘိခ် အတွက် ဆုတောင်းပေးရမှာပါ။
သူသာ ခြေစွမ်းပြန်ပြနိုင်မယ် ဆိုရင် ပရိသတ်တွေလည်း ပျော်ရွှင်နေရမှာပါ။ အေဂျက်ဇ်မှာ ကစားတုန်းက ဘယ်လွန်ဒေါဆုရဲ့ နောက်ဆုံး ၃၀ ဦး စာရင်းထဲ အထိ ပါဝင်ခဲ့တဲ့ ကစားသမားမို့ပါ။ သူ့ အရည်အသွေး မြင့်မားတာ အားလုံးလည်း တွေ့ခဲ့ရပါတယ်။ အဲလိုပုံစံမျိုးကို ပြန်မြင်တွေ့ရဖို့လည်း မျှော်လင့်နေကြပါတယ်။ ဒီတချီတော့ အပြတ် ရုန်းပြလိုက်စမ်းပါ ဗန်ဒီဘိခ်ရေလို့ တိုက်တွန်းနေကြပါပြီ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.