ဒိန်းမတ်မြေပေါ်မှာ ကိုပင်ဟေဂင်ကို ရှုံးခဲ့လို့ မန်ချက်စတာယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ နောက်ဆုံး နေရာ ရောက်နေပါပြီ။ ဒီအခြေအနေဆို ယူရိုပါလိဂ် ဝင်ခွင့် ရဖို့တောင်မှ မသေချာတော့ပါဘူး။ ညက ပွဲကတော့ အားလုံးသိပြီးတဲ့ အတိုင်း ၄-၃ ရလဒ်နဲ့ ပွဲပြီးခဲ့ပြီး ၂ ဂိုး အသာနဲ့ ဦးဆောင်ပြီးမှ အရေးနိမ့်ခဲ့လို့ ယူနိုက်တက် အတွက်တော့ တော်တော်လေးကို ကြေကွဲစရာပါပဲ။
ခြေစွမ်းလည်း ကောင်းတယ်၊ ပွဲကိုလည်း ဦးဆောင်ထားနိုင်တယ် ဆိုမှ ဒေါက်တာလေး မားကပ်စ် ရက်ရှ်ဖို့ဒ်က အနီကတ်ထိပြီး အထုတ်ခံရတာ ကနေ ဇာတ်လမ်းက စတာပါပဲ။ တန်ဟက်ဂ်ရဲ့ ညံ့ဖျင်းမှုလည်း ပါပါတယ်။ ၁၀ ယောက်တည်းပဲ ရှိတော့တဲ့အချိန်မှာ အသင်းကို လိုအပ်တဲ့ ကစားဟန်မျိုး မပြောင်းလဲပေးနိုင်ခဲ့ပါဘူး။ ချေပဂိုးတွေ ဆက်တိုက်ပေးရပြီး ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဂိုးနဲ့ ထပ်မံ ဦးဆောင်နိုင်ပေမယ့် ဒါကိုလည်း မထိန်းသိမ်းနိုင်ခဲ့ပါဘူး။
မိနစ် ၈၀ ကျော်မှာ ၂ ဂိုး ဆက်တိုက် ပြန်ပေးရပြီး အရေးနိမ့်ခဲ့တာပါ။ ရစရာ မရှိအောင် စုတ်ပြတ်သတ်သွားခဲ့ပြီး ယူနိုက်တက်ဟာ အဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပါပြီ။ တန်ဟက်ဂ်လည်း ဖိအားတွေ အောက်ကို အကြီးအကျယ် ရှိနေပါပြီ။ အဓိကလက်သည် ကတော့ သူပါပဲ။ ပွဲထွက်လူစာရင်း ထုတ်တာ ကနေ ပွဲချိန်တွင်း အပြောင်းအလဲတွေ လုပ်ရာမှာ အားနည်းနေခဲ့ပြီး ဘယ်လိုပြိုင်ဘက်ကိုမဆို ယူနိုက်တက်က အသည်းအသန် ကစားနေရတာ ဒီတရာသီလုံးလိုလို ဖြစ်နေခဲ့တာပါ။
ညကဆိုရင် ခံစစ်ပိုင်းမှာ ဂျွန်နီအီဗန်စ်နဲ့ ဟယ်ရီ မက်ဂွိုင်းယားကို ပွဲထွက်စေခဲ့ပြီး ရာဖေးလ် ဗာရန်းကို ချန်လှပ်ခဲ့တာကြောင့် အားလုံးက မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၀ မိနစ်ကျော် မှာပဲ အီဗန်စ်နဲ့ ဗာရန်းကို လူစားလဲသွားပါတယ်။ ပြီးတော့ ကွင်းလယ်ပိုင်းမှာ မေဆန်မောင့်ကို ချန်လှပ်ထားပြီး ကက်စ်မဲရိုး မကစားနိုင်ချိန်မှာ အမ်မရာဘတ်ကို မထည့်သွင်းတာ ကလည်း အားလုံးကို နားမလည်နိုင်အောင် ဖြစ်နေကြပါတယ်။
ပရိသတ်တွေ ကတော့ တန်ဟက်ဂ်က သူ့အသင်းကို ဘယ်လိုပွဲထုတ်ရမလဲ ဆိုတာတောင် မသိတော့ဘူးလို့ ဆိုနေကြပါပြီ။ ဘယ်ခံစစ်ပိုင်း အတွက် ရက်ဂွီလွန်းကို ခေါ်ယူခဲ့ပေမယ့် အရန်ခုံပဲ ပို့ထားပြီး ဒါလော့တ်ကို အဲဒီနေရာ ကစားစေတာ ကိုလည်း ဘယ်သူမှ လက်မခံနိုင်ဖြစ်နေကြပါတယ်။ ဆိုတော့ကာ အဓိက တရားခံက တန်ဟက်ဂ်လို့ ယူဆလာတာလည်း အပြစ်မဆိုသာပါဘူ။ အထူးသဖြင့် အသင်းက ၂-၃ နဲ့ ပြန်လည် ဦးဆောင်ချိန်မှာ ပွဲချိန်က ၇၀ ဖြစ်နေပါပြီ။ လက်ကျန်မိနစ်တွေမှာ အနည်းဆုံး သရေ ကစားနိုင်အောင် သူ အသင်းကို ပြင်ဆင်သင့်ပါလျက်နဲ့ မလုပ်ခဲ့ဘဲ ၃-၃ ဖြစ်သွားချိန်မှာမှ မေဆန်မောင့်ကို ထည့်သွင်းခဲ့တာ ကလည်း တကယ်ကို လက်မခံနိုင်စရာ ဖြစ်ခဲ့ရပါတယ်။
ယူနိုက်တက်က အခုဆိုရင် ရာသီအစ ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၉ ပွဲ အထိ ရှုံးခဲ့ပြီးပါပြီ။ ချန်ပီယံလိဂ် မှာဆိုရင်လည်း နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ကနေသာ ထွက်ခွာရရင် ယူနိုက်တက် အတွက် မျှော်လင့်ချက်က FA ဖလား တစ်ခုပဲ ကျန်တော့မှာ ဖြစ်ပြီး လက်ရှိ အခြေအနေအရဆို ဖလားပျောက်ဦးမယ့် ရာသီလို့တောင် ပြောလို့ ရနေပြီ ဖြစ်ပါတယ်။ ဒီလို ရလဒ်မျိုးကို သူတို့ နောက်ဆုံးရခဲ့တာက တန်းဆင်းခဲ့တုန်းက ဖြစ်ပြီး အခု ကြမ္မာရဟတ်က တပတ်လည်လာခဲ့ပါပြီ။ တန်ဟက်ဂ် လက်ထက်မှာ အဆိုးရွားဆုံး မှတ်တမ်းဟောင်းတွေကို ပြန်ရနေပြီး တပတ်ပြီး တပတ် စိတ်ပျက်စရာတွေနဲ့ပဲ ယူနိုက်တက် ပရိသတ်တွေ ရင်ဆိုင်နေရပါတယ်။ လက်ရှိ ပုံစံကို သူမပြောင်းလဲနိုင်ဘူး ဆိုရင်တော့ သူ ကိုယ်တိုင် အထုပ်ပြင်ပြီး နယ်သာလန်ကို ပြန်ရမယ့် ကိန်းပါ ဆိုက်လိမ့်မယ် ဆိုတာ အသေအချာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.