ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဂျူဗင်တပ်စ်မှာ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ အတွက် စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးလ် ကွင်းလယ်လူ ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီးက အရင်ဆုံး စိတ်ဝင်စားခဲ့နေခဲ့တာ ဖြစ်ပြီးတော့ ချဲလ်ဆီး ကလည်း အပြောင်းအရွှေ့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ပေါင် ၄၂.၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူးဝစ်ဇ်က ဂျူဗင်တပ်စ်ကို ရောက်ရှိချိန်က စပြီး ပြိုင်ပွဲစုံ ၁၇ ပွဲသာ ကစားထားခဲ့ရပါတယ်။ ဒါ့အပြင် ဘရာဇီးလ်သားက ၁၇ ပွဲ ကစားထားတယ် ဆိုပေမယ့် ပွဲစဉ် အများစုမှာ မိနစ်ပိုင်းသာ ပွဲထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာ ကွင်းလယ်လူဟောင်းက ပရီးမီးယားလိဂ် ဆီ ပြန်လည် ပြောင်းရွှေ့ချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
အစောပိုင်းမှာ လူးဝစ်ဇ်က အသင်းဟောင်း အက်စတွန်ဗီလာကို ပြန်ချင်နေသလို အူနိုင်း အမ်မရီ ကလည်း လူးဝစ်ဇ်ကို ပြန်လည် ခေါ်ယူလိုနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ လူးဝစ်ဇ် ကိုတော့ အက်စတွန်ဗီလာ အပြင် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကလည်း စိတ်ဝင်စားနေကာ အခုနောက်ဆုံး မှာတော့ ချဲလ်ဆီးလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ မန်စီးတီးက သူတို့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီ ACL ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရဦးမှာ ဖြစ်လို့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ အသင်းရဲ့ ဗဟိုခံစစ် ကစားသမားလေး ရီနာတို ဗိုင်ဂါကို ဒီကနေ့ မှာပဲ ဂျူဗင်တပ်စ် အသင်းထံ အငှားချခဲ့ပါတယ်။ ချဲလ်ဆီးက ဗိုင်ဂါ အတွက် ဂျူဗင်တပ်စ် ဒါရိုက်တာ ခရစ္စတီယာနို ဂီရွန်တိုလီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေစဉ်မှာ ဒေါက်ဂလပ်စ် လူးဝစ်ဇ် အပေါ် စိတ်ဝင်စားနေကြောင်း ပြသခဲ့တာ ဖြစ်တယ်လို့ La Gazzetta dello Sport က ဖော်ပြထားပါတယ်။
ချဲလ်ဆီးဟာ အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ရိုမီယို လာဗီယာတို့ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးက ကွင်းလယ် ကစားသမား တစ်ဦး ရှာဖွေလျက် ရှိပြီးတော့ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ လူးဝစ်ဇ်ကို စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။
Telegraph ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ်က ချဲလ်ဆီးရဲ့ စုံစမ်း မေးမြန်းမှု အတွက် ကျေနပ်နေပေမယ့်လည်း သူတို့ရဲ့ ကစားသမားကို ရာသီအကုန်မှာ အပြီးသတ် ခေါ်ယူစေချင်နေကြောင်း သိရပါတယ်။ ဒီအချက်က ချဲလ်ဆီးရဲ့ စိတ်ဝင်စားမှု အတွက် အဟန့်အတား ဖြစ်လာနိုင်ဖို့လည်း ရှိနေပါတယ်။ ချဲလ်ဆီးဟာ ဗိုင်ဂါကို ပေါင်သန်း ၂၀ ရရင် အပြီးအပိုင် လမ်းခွဲဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ဂျူဗင်တပ်စ် ကတော့ ပေါင် ၃.၈ သန်း ပေးချေကာ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.