အောက်တိုဘာ ၂၂ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို အားပေးစကား ပြောလိုက်တဲ့ မာဆယ်လို
ရီးရဲလ်မက်ဒရစ်အသင်းမှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အတူ တွဲကစားခဲ့ဖူးတဲ့ မာဆယ်လိုက သူ့ရဲ့ အသင်းဖော်ဟောင်းကို အားပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဂရိ စူပါလိဂ် ကလပ် အိုလံပီယာကော့စ်မှာ ကစားနေတဲ့ ဘရာဇီးလ် ဘယ်နောက်ခံလူက မန်ချက်စတာယူနိုက်တက်မှာ ခက်ခဲတဲ့ အချိန်ကာလတွေကို ကျော်ဖြတ်နေရတဲ့ အသင်းဖော်ဟောင်းနဲ့ သူ အတူတူ ရှိနေတယ်လို့ ပြောဆိုခဲ့တာပါ။
မာဆယ်လိုက သူ့ရဲ့ အင်စတာဂရမ်ကနေ “မင်းနဲ့ အတူ အမြဲတမ်း ရှိနေပါတယ်၊ ဘောလုံးလောကက မင်းကို ချစ်သလို ငါတို့ကလည်း အတူတူပါပဲ” လို့ ရေးသား ပြောဆိုခဲ့တာပါ။ သူတို့ နှစ်ဦးဟာ ရီးရဲလ်မက်ဒရစ်မှာ အရမ်းကို ခင်မင်ကြတဲ့သူတွေ ဖြစ်ခဲ့ပြီး ကွင်းအတွင်းမှာ အတွဲအဖက်ညီညီ ကစားကာ ရော်နယ်ဒို ဂိုးသွင်းပြီးတိုင်း အတူတကွ အောင်ပွဲခံလေ့ရှိသူတွေ ဖြစ်ပါတယ်။
ရော်နယ်ဒို ကတော့ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲမပြီးခင် ကွင်းအပြင် ထွက်သွားခဲ့တဲ့ လုပ်ရပ်ကြောင့် ချဲလ်ဆီးနဲ့ ကစားရမယ့် ဒီနေ့ပွဲမှာ အသင်းလူစာရင်း ကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။ လူငယ်အသင်းနဲ့ပါ လေ့ကျင့်ခန်း ဆင်းနေရတာ ဖြစ်ပြီး သူ့ရဲ့ လုပ်ရပ် အတွက်လည်း နည်းပြ တန်ဟက်ဂ်က ဒေါသထွက်နေခဲ့ပြီး အသင်း အတွင်းမှာပါ အနည်းနဲ့ အများဆိုသလို ဂယက်ရိုက်ခဲ့ရပါတယ်။
ဟာလန်းက ပေါင် ၁ ဘီလျံတန်တဲ့ ပထမဆုံးကစားသမားဖြစ်လာမယ်လို့ အေးဂျင့်ဖြစ်သူ ပြောဆို
မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ဘောလုံးလောကမှာ ပေါင် ၁ ဘီလျံတန်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ သူ့ရဲ့အေးဂျင့် ဖြစ်သူက ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ မန်စီးတီး အတွက် ဂိုးပေါင်း ၂၀ အထိ သွင်းယူထားပြီး ဖြစ်တဲ့ ဟာလန်းရဲ့ ခြေစွမ်း ကတော့ ပြိုင်ဘက် အသင်း အားလုံးကို ထိတ်လန့်နေစေတာ ဖြစ်ပြီး စျေးကွက်တန်ဖိုးကလည်း တဟုန်ထိုးမြင့်တက်လာနေတာဖြစ်ပါတယ်။
ဟာလန်းရဲ့ အေးဂျင့် ဖြစ်သူ ရာဖေလာ ပင်မန်တာက “ အာလင်းက စျေးကွက် တစ်ခုမှာ ပေါင် ၁ ဘီလျံ ဝန်းကျင်လောက် ဖြစ်လာမယ့် ပထမဆုံး ကစားသမားလို့ ကျမ ထင်တယ်၊ သူ့ရဲ့ ဘောလုံးတန်ဖိုး၊ ပုံရိပ် တန်ဖိုး၊ စပွန်ဆာ တန်ဖိုးတွေကို ပေါင်းလိုက်ရင် ပေါင် ၁ ဘီလျံက ပြေးမလွတ်ဘူး၊ ဘတ်ပီနဲ့ ဟာလန်းကို နှိုင်းယှဉ်နေကြတာ ကတော့ ပုံမှန်ပါပဲ၊ ဒါပေမယ့် သူတို့နှစ်ယောက် အကြားမှာ ကွာဟချက်က ဘာလဲ ဆိုတာ အားလုံးသိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
နော်ဝေ တိုက်စစ်မှူး ဟာလန်းက အနာဂတ်မှာ ဘယ်လွန်ဒေါဆုကို ရယူနိုင်မယ့်သူလို့ အားလုံးက ယူဆထားကြပြီးလည်း ဖြစ်ပါတယ်။ မက်ဆီနဲ့ ရော်နယ်ဒိုတို့ အနားယူသွားခဲ့တဲ့နောက် ဘောလုံးလောကမှာ ဟာလန်းနဲ့ ဘတ်ပီတို့က လွှမ်းမိုး ကြီးစိုးလာပြီး တစ်ဦးချင်းဆုတွေ အတွက် သူတို့ နှစ်ဦး ပြိုင်ဆိုင်မှာကို မြင်တွေ့ရလိမ့်မယ်လို့ ထင်မြင်ချက်တွေလည်း ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ဆောက်သမ်တန်ကို အာဆင်နယ် ရှုံးနိမ့်လိမ့်မယ်လို့ ခန့်မှန်းခဲ့တဲ့ လော်ရိုး
ဗြိတိန် ဘောလုံး ခန့်မှန်းသုံးသပ်သူ နာမည်ကျော် ပုဂ္ဂိုလ်ကြီး လော်ရိုးက ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်တို့ အဝေးကွင်းမှာ ဆောက်သမ်တန်ကို အရေးနိမ့်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ အပတ်စဉ် ခန့်မှန်းနေကျ ဖြစ်တဲ့ လော်ရိုးက ခြေစွမ်းပြနေတဲ့ အာဆင်နယ်ကို ရှုံးပွဲတွေ့မယ်လို့ ပြတ်ပြတ်သားသားခန့်မှန်းခဲ့လို့ ပရိသတ်တွေလည်း အံ့အားသင့်နေကြရပါတယ်။
မနက်ဖြန်မှာ ကစားမယ့် ဒီပွဲကို လော်ရိုးက “ ဆောက်သမ်တန် အနိုင်ရမယ်လို့ ကျနော် ပြောချင်ပါတယ်၊ နည်းပြ တစ်ဦး အနေနဲ့ ဟာဆန် ဟူတယ်လ်ကို ကျနော် သဘောကျတယ်၊ ဒီလိုခန့်မှန်းလို့ အားလုံး ဒေါသထွက်မှာကို သိပါတယ်၊ ဒါပေမယ့် အာဆင်နယ်က ကောင်းမွန်တဲ့ ရလဒ်တွေ ရှိနေပြီး ဒီပွဲမှာတော့ သူတို့ မျှော်လင့်မထားတဲ့ ပွဲတစ်ပွဲကို ရင်ဆိုင်ရပါလိမ့်မယ်”
“ ဆောက်သမ်တန်က တခါတလေမှာ အရမ်းကောင်းတဲ့ အသင်းဖြစ်ပြီး ခင်ဗျားကို အံ့အားသင့်စေပါလိမ့်မယ်၊ သူတို့တွေ အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ရလိမ့်မယ်လို့ ကျနော်ထင်တယ်” လို့ ခန့်မှန်းခဲ့ပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက် အသင်း တသင်းတည်း ကိုသာ အရေးနိမ့်ထားပြီး ကျန်ပွဲစဉ် အားလုံးကို အနိုင်ရကာ အမှတ်ပေးဇယားမှာ မန်စီးတီးကို ၄ မှတ်ဖြတ် ဦးဆောင်နေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.