အောက်တိုဘာ ၂၇ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းရဲ့ အနိုင်ဂိုး မရခဲ့လို့ ပေါက်ကွဲနေတဲ့ ကွန်တီ
စပို့တင်းလစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မှာ ပွဲချိန် နောက်ဆုံး မိနစ်မှာ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း VAR ပြန်လည် ကြည့်ရှုခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က ဟယ်ရီကိန်း လူကျွံနေတယ် ဆိုပြီး ဂိုးမပေးခဲ့လို့ စပါးတို့ အဖိုးတန် ရမှတ် ပျောက်ဆုံးခဲ့ရသလို စောဒက တက်ခဲ့တဲ့ နည်းပြ အန်တိုနီယို ကွန်တီလည်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
ပရီးမီးယားလိဂ် ကလပ် အနေနဲ့ အနိုင်ရခဲ့မယ် ဆိုရင် အုပ်စုအဆင့်ကို တက်ရောက်နိုင်ဖို့ သေချာမှာ ဖြစ်ပေမယ့် အခုတော့ အုပ်စု နောက်ဆုံး ပွဲမှာ အနည်းဆုံး သရေ ၁ မှတ်ရဖို့ လိုအပ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ကွန်တီ ကတော့ ဒီဂိုးဟာ သေချာပေါက် ပေးသင့်တယ်လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီး VAR က အများကြီးကို ဖျက်စီးနေတာပဲလို့ ဝေဖန်ခဲ့ကာ ကွင်းလယ်ဒိုင်တွေရဲ့ အရည်အသွေးကိုလည်း မေးခွန်းထုတ်သွားခဲ့ပါတယ်။
“ဘောလုံးက ဟယ်ရီကိန်းရဲ့ ရှေ့တည့်တည့်မှာဗျာ၊ ပြီးတော့ ဂိုးပေးကို ပေးရမှာပါ၊ VAR ကို ကျနော် နားမလည်တော့ဘူး၊ ဒီဆုံးဖြတ်ချက် အပေါ် မှတ်ချက်ပေးရမှာက လွယ်တော့ မလွယ်ဘူး၊ VAR က အများကြီး ဖျက်စီးနေတာ၊ ဒါကို ကျနော် တို့က လက်ခံနေရတယ်၊ အသင်းကြီး တစ်သင်းသင်းရဲ့ ကွင်းမှာလည်း ဒီလို မျိုးဂိုးကို ခွင့်မပြုဘူး ဆိုတာ ကျနော် မြင်ချင်သေးတယ်”
“ တရားမျှတမှု မရှိဘူးလို့ ကျနော် ခံစားရတယ်၊ ဘာအပေါင်းလက္ခဏာမှ မဆောင်တဲ့ VAR ပါ၊ တကယ်လည်း အံ့အားသင့်ရတယ်၊ တခါတလေမှာ ဒီလို အခြေအနေကို လက်ခံရတယ် ဆိုပေမယ့်လည်း ဟယ်ရီကိန်း ဂိုးသွင်းသွားတဲ့ အနေအထားမှာတော့ ဘာမှ ရိုးသားမှု မရှိဘူး။ အနီကတ် ပြခံရတာ ကလည်း ဂိုးမပေးခဲ့တဲ့နောက် အားလုံးက အထဲကို ဝင်လာကြတာပါ၊ အားလုံးထဲမှာ ကျနော်က ပေါ်ပြူလာ အဖြစ်ဆုံး ဖြစ်နေတော့ အနီကတ် ပြခံလိုက်ရတာပေါ့” လို့ ကွန်တီက ပြောဆိုသွားခဲ့ပါတယ်။
အပိုင်အခွင့်အရေး လွဲခဲ့လို့ အဝတ်လဲခန်းထဲမှာ ဒေါသ ပေါက်ကွဲနေခဲ့တဲ့ နူညက်ဇ်
လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ဟာ အေဂျတ်စ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အပိုင်အခွင့်အရေးကို ဆိုးဆိုးရွားရွား လွဲချော်ခဲ့လို့ အဝတ်လဲခန်းထဲမှာ ဒေါသပေါက်ကွဲနေခဲ့တယ်လို့ အသင်းဖော် အန်ဒရူး ရော်ဘတ်ဆန်က ဖွင့်ဟလာခဲ့ပါတယ်။
ရော်ဘတ်ဆန်က “ဒါဝင်ဟာ အခွင့်အရေးကို ဆုံးရှုံးလိုက်ရလို့ စိတ်ပျက်နေပြီး သူ့ကိုယ်သူလည်း တော်တော်လေးကို ဒေါသထွက်နေတာပါ။ အဝတ်လဲခန်းမှာ သူ့ဘေးနား ထိုင်ပြီး မင်းဂိုးသွင်းနိုင်မှာပါ။ ပြဿနာ မရှိဘူး ဆိုပြီးတောင် ပြောခဲ့ရတယ်” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ အဲ့ဒီပွဲမှာ အေဂျတ်စ်ကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ၁၆ သင်း အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အတွက် ဂိုးတွေကို ဆာလာ၊ နူညက်ဇ်နဲ့ အီလီယော့တ် တို့က သွင်းယူပေးခဲ့ပြီး နူညက်ဇ် အနေနဲ့ နောက်ထပ် သေချာပေါက် ဂိုးရမယ့် အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါဝင် နူညက်ဇ်ဟာ ရောဘတ်တို ဖေမီနို ပေးလိုက်တဲ့ ဘောလုံးကို ဂိုးပေါက်နဲ့ ၆ ကိုက် အကွာ ကနေ ပိတ်သွင်းခွင့် ရခဲ့ပေမယ့် တိုင်ထိပြီး ပြန်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကစားသမားတွေ ကလည်း ဒါဝင်နူညက်ဇ် ဂိုးမဝင်ခဲ့လို့ အံအားသင့်ခဲ့ကြပါတယ်။
လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့တင်ဟမ်ဖောရတ်စ်ကို အရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ်မှာ အေဂျတ်စ်ကို အနိုင်ရကာ နိုင်ပွဲ ပြန်လည် ရှာဖွေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်က လူမဝယ်ပေးခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ ရန်းနစ်ဂ်
မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ စျေးကွက် အတွင်း သူအလိုရှိတဲ့ ကစားသမားတွေကို မဝယ်ပေးခဲ့ဘူးလို့ ယာယီ နည်းပြဟောင်း ရက်ဖ် ရန်းညက်ခ်က ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။
အဲဒီတုန်းက အခြေအနေနဲ့ ပတ်သက်ပြီး ရန်းညက်ခ်က “ကြိုတင် ပြင်ဆင်မှုတွေ ဘာမှမရှိခဲ့ဘူး၊ ယူနိုက်တက်မှာ နေရာစုံ အတွက် ကစားသမား တစ်ဦးစီ အနည်းဆုံး လိုအပ်နေတာ ရှင်းပါတယ်၊ အန်ကွန်ကူ၊ ဂက်ဗာဒီယိုလ် ကစားသမားတွေနဲ့ ဆွေးနွေးခဲ့တယ်၊ အယ်လ်ဗာရို မိုရာတာ၊ လူး၀စ္စ ဒီးရာ့ဇ်၊ ဒူဆန် ဗလာဟိုဗစ် တို့နဲ့လည်း စကားပြောဖြစ်ခဲ့တယ်၊ အာလင်းဟာလန်း ကလည်း စျေးကွက်ထဲမှာ ရှိနေတုန်းပဲ၊ ဒါပေမယ့် အသင်း ကတော့ နည်းပြသစ် လက်ထက်မှာမှ အသင်းကို ပြန်လည် တည်ဆောက်မယ် ဆိုပြီး ဆုံးဖြတ်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် ကတော့ ဒီရာသီမှာ နည်းပြသစ် အဖြစ် အေဂျက်ဇ် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်ကို ခန့်အပ်ခဲ့ပါတယ်။ တန်ဟက်ဂ် လက်ထက်မှာ အန်တိုနီ၊ အဲရစ်ခ်ဆင်၊ ကက်စ်မဲရိုး၊ လီဆန်ဒရို မာတီနက်ဇ်နဲ့ မာလာစီယာ တို့ကို ခေါ်ယူပေးခဲ့ပါတယ်။ ဒါပေမယ့် ရန်းညက်ခ် ခေါ်ယူချင်ခဲ့တဲ့ အန်ကွန်ကူ၊ ဟာလန်း တို့ကတော့ လိုက်ဇစ်နဲ့ မန်ချက်စတာစီးတီး တို့မှာ ခြေစွမ်း ပြသနေခဲ့ကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.