အောက်တိုဘာ ၂၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံး အိမ်ကွင်း သွင်းဂိုး ရရှိခဲ့တဲ့ ရော်နယ်ဒို
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ရှာရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် ၅ မှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ ပထမဆုံး အိမ်ကွင်း သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာ လူစာရင်း ကနေ ချန်လှပ်ခံရတဲ့ ရော်နယ်ဒိုဟာ ရရှစ်ဖ်နဲ့ ယူရိုပါလိဂ်ပွဲမှာ ပြန်လည် ပါဝင်ခွင့် ရခဲ့ပြီး ပွဲချိန်ပြည့် ပါဝင် ကစားကာ သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်က ဒီပွဲမှာ ရှရစ်ဖ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ ရော်နယ်ဒို အပြင် ဒါးလော့တ်နဲ့ ရက်ရှ်ဖို့ဒ် တို့က သွင်းယူခဲ့တာပါ။ ရှရစ်ဖ်နဲ့ ပွဲမှာ သွင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဂိုးဟာ ဒီရာသီ ယူနိုက်တက် အတွက် တတိယမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ရှရစ်ဖ်နဲ့ ပထမအကျော့မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲ မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ရော်နယ်ဒို ကိုယ်တိုင် ကလည်း ဂိုးရဖို့ကို စိတ်အားထက်သန်မှု အပြည့်နဲ့ ကစားသွားခဲ့ပြီး ပွဲချိန် ၈၀ ကျော်မှာ ဂိုးရခဲ့တာပါ။ ဖြတ်တင်ဘောကို ခေါင်းတိုက် သွင်းယူခဲ့ရာမှာ ဂိုးသမား ပုတ်ထုတ်လို့ ပြန်အံထွက်လာတာကို အနီးကပ် ပြေးဝင် ပိတ်သွင်းခဲ့တာပါ။ ဂိုးရအပြီးမှာတော့ ရော်နယ်ဒိုက သူ့ရဲ့ အောင်ပွဲခံဟန် အသစ် ဖြစ်တဲ့ တရေး မှေးစက်တဲ့ ပုံစံနဲ့ ထပ်မံ ပြီးတော့ အောင်ပွဲခံသွားခဲ့ပါတယ်။
အန်တိုနီရဲ့ စကေးပြမှုက အဓိပ္ပါယ်မရှိဘူးလို့ ဝေဖန်လိုက်တဲ့ ပေါလ်စခိုးလ်
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးလ်က ရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီရဲ့ ဘောလုံးကို ကိုင်ပြီး လှည့်ပတ်ရွေ့လျားပြတဲ့ ၃၆၀ ဒီဂရီ လှည့်တဲ့ ပုံစံက အဓိပ္ပါယ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ အေဂျတ်စ် ကနေ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိလာတဲ့ အန်တိုနီဟာ အသင်း အတွက် ပွဲတိုင်း ပါဝင်ကစားပြီး ခြေစွမ်းပြသနေသူ ဖြစ်ပါတယ်။ ဘရာဇီးလ် ကစားသမားဟာ အေဂျတ်စ်မှာ ရှိတဲ့ အချိန် ကတည်းက ဒီလို စကေးပြမှုကို မကြာခဏ ဆိုသလို ပြုလုပ်လေ့ ရှိသူလည်း ဖြစ်ပါတယ်။
ရှာရစ်ဖ်နဲ့ ပွဲမှာတော့ အန်တိုနီက ဒီပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာပဲ လူစားလဲခံခဲ့ရပြီး ပေါလ်စခိုးလ် ကတော့ ဒီလိုလုပ်ဆောင်တဲ့ ပုံစံကို မျက်စိ စပါးမွှေးစူးနေခဲ့တာ ဖြစ်ပါတယ်။ ပေါလ်စခိုးလ်က “သူဘာလုပ်နေလဲ ဆိုတာ ကျနော် နားမလည်ပါဘူး။ တကယ်ကို အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ပါ” လို့ ပြောခဲ့တာပါ။ ပေါလ်စခိုးနဲ့ အတူ အစီအစဉ် တင်ဆက်သူတွေ ဖြစ်တဲ့ ရော်ဘီ ဆားဗေ့ချ်နဲ့ အိုဝင် ဟားဂရေ့ဗ်တို့ ကလည်း အန်တိုနီကို ဝိုင်းဝန်း အပြစ်တင်ခဲ့ကြပါသေးတယ်။
ရော်ဘီ ဆားဗေ့ချ်က “သူ့ဆီ ကနေ ဘယ်သူကမှလည်း ဘောလုံး လိုက်မလုဘဲနဲ့ ဒါကြီးကို လုပ်ပြနေတာ ရှက်စရာကြီး၊ ကျနော်သာ နည်းပြ ဆိုရင် ပျော်နေမှာ မဟုတ်ဘူး၊ ပွဲကို အနိုင်ရအောင် လုပ်၊ ဘောလုံးကို မြန်မြန် သယ်နိုင်အောင် ကြိုးစားစမ်းပါကွာ၊ ကျနော်သာ နည်းပြ ဆိုရင် ဒီကောင့်ကို ကွင်းထဲကနေ ထုတ်ပစ်လိုက်မှာ၊ ဒီအကွက်က ဘာကို ရည်ရွယ်ချင်နေတာလဲ” လို့ ပြောဆိုခဲ့ပြီး ဟားဂရေ့ဗ် ကလည်း အသင်းက ဂိုးလိုအပ်နေချိန်မှာ ဒီလိုတွေ မလုပ်သင့်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ရဲ့ ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပေးလိုက်တဲ့ နစ္စတယ်ရွိုင်း
ပီအက်စ်ဗွီ နည်းပြ ရုဒ် ဗန်နစ္စတယ်ရွိုင်း ကတော့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ် ၅ မှာ အာဆင်နယ်ကို အနိုင်ကစားပြလိုက်ပါတယ်။ ပီအက်စ်ဗွီဟာ ပထမအကျော့က အာဆင်နယ် ကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ ပြန်လည် လက်စားချေနိုင်ခဲ့ပြီး အုပ်စု ပထမနေရာ ကိုပါ မျှော်လင့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် တဖက်မှာလည်း ခြေစွမ်းပြပြီး ရလဒ်ကောင်းနေတဲ့ အာဆင်နယ်ရဲ့ ရှုံးပွဲ မရှိ စံချိန်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင် အထိ အာဆင်နယ်ဟာ ၉ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာ ကတော့ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ အတွင်းမှာပဲ အာဆင်နယ်ရဲ့ ၄၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို မန်ချက်စတာယူနိုက်တက်မှာ တိုက်စစ်မှူး အဖြစ် ကစားနေတဲ့ နစ္စတယ်ရွိုင်းက သူ့ရဲ့ သွင်းဂိုးနဲ့ ရပ်တန့်ပေးခဲ့တာ ဖြစ်ပြီး ၁၈ နှစ်တိတိ ပြည့်တဲ့ အချိန်မှာ နည်းပြဘ၀နဲ့ နောက်ထပ် တစ်ကြိမ် စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရှုံးပွဲက အာဆင်နယ်အတွက် ယူရိုပါလိဂ် အုပ်စု နောက်တဆင့်ကို တက်ရောက်ဖို့ ဘာမှမဖြစ်ခဲ့ပေမယ့်လည်း နစ္စတယ်ရွိုင်း ကတော့ အာဆင်နယ်တို့ ခြေစွမ်း ကောင်းနေချိန် ဆိုရင် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ရပ်တန့်နိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.