စက်တင်ဘာ ၂၉ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကစားသမား ဘဝ ကနေ အနားယူသွားတဲ့ ရာမီးယက်စ်
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်လူ ရာမီးရက်စ် ကတော့ ကစားသမား ဘဝ ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၃၅ နှစ် အရွယ် ကစားသမားဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက ဘရာဇီးလ် ကလပ် ပဲလ်မီးရက်စ် ကနေ ထွက်ခွာခဲ့ပြီး နောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေပြီး ခေါ်ယူမယ့် အသင်း မရှိတာကြောင့် ကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။
ရာမီးရက်စ်က သူ့ရဲ့ အင်စတာဂရမ် ကနေ ဆုံးဖြတ်ချက်ကို ကြေငြာသွားခဲ့တာလည်း ဖြစ်ပါတယ်။ “အချိန်အတန်ကြာ ဆင်ခြင်သုံးသပ်ပြီးနောက် ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ ကစားသမားဘ၀ကို တရားဝင် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တယ် ဆိုတာ ကြေညာချင်ပါတယ်။
“ဒီအချိန်မှာ ဘုရားသခင်ကို ပထမဆုံး ကျေးဇူးတင်ရမှာပါ၊ သူက ကျနော့်ကို အားကစားမှာ အမြင့်ဆုံး အဆင့်အထိ လေ့ကျင့်ပေးခဲ့ပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့ဖူးတဲ့ ကလပ်အသင်းတွေ ဖြစ်တဲ့ ပဲလ်မီးရက်စ်၊ ချဲလ်ဆီး၊ ဘင်ဖီကာနဲ့ ခရူဇီယို တို့ကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။ ရှန်ဆုနဲ့ ဂျွိုင်းဗဲလီ ပရိသတ်တွေ ကလည်း ကျနော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ရာမီးရက်စ်က “ကျနော့်ကို ကမ္ဘာ့ဖလား ၂ ကြိမ် ကစားခွင့်ရစေခဲ့တဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်း ကိုလည်း ကျေးဇူးတင်ရှိပါတယ်၊ အိပ်မက်တစ်ခု အကောင်အထည် ဖော်ခွင့်ရခဲ့ပါတယ်။ ဒီနှစ်ပိုင်း အတွင်း ခြွင်းချက်မရှိ အနားမှာရှိနေပေးခဲ့တဲ့ ကျနော့်ရဲ့ ဆွေမျိုးသားချင်း၊ အမေ၊ သားသမီး၊ ညီအကို မောင်နှမတွေနဲ့ စစ်မှန်တဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။
ရာမီးရက်စ်ဟာ ချဲလ်ဆီး အသင်းနဲ့ ဆုဖလား အောင်မြင်မှု အများဆုံး ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်၊ ပရီးမီးယားလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကာလင်းဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဘင်ဖီကာ အသင်းနဲ့တော့ ပေါ်တူဂီ အမှတ်ပေးဖလား ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်၊ ပဲလ်မီးရက်စ်နဲ့ ဘရာဇီးလ် ဖလား ၁ ကြိမ်၊ ကိုပါလစ်ဘာတာဒိုရက်စ်ဖလား ၁ ကြိမ် ရရှိခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့ ကတော့ ကွန်ဖက်ဒရေးရှင်း ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘယ်လင်ဂမ်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးလည်း ပါဝင်လာ
ဒေါ့မန် လူငယ်ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးလည်း ပါဝင်လာခဲ့ပြီ ဖြစ်ကြောင့် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလျက် ရှိပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ်မှာ ခြေစွမ်းပြနေတဲ့ အသက် ၁၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်ကို ရီးရဲယ်မက်ဒရစ်၊ လစ်ဗာပူးလ်၊ မန်ချက်စတာ မြို့ခံ နှစ်သင်း၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး အခုလက်ရှိ မှာတော့ ဂရေဟမ်ပေါ်တာရဲ့ ချဲလ်ဆီးလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဒေါ့မန်က ဘယ်လင်ဂမ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၃၀ အထိ သတ်မှတ်ထားပြီး ဒီကစားသမားဟာ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ အဓိက ကစားသမား ဖြစ်လာဖို့ ရှိတာကြောင့် လာမယ့် အပြောင်းအရွှေ့မှာ အခုထက်ပိုပြီး တန်ကြေး မြင့်မားသွားနိုင်သူလည်း ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင် ဒေါ့မန် ဘက်က ဘယ်လင်ဂမ်ကို လက်လွှတ်လိုခြင်း မရှိပေမယ့် လစ်ဗာပူးလ်နဲ့ ရီးရဲယ်မက်ဒရစ် တို့လို အသင်းတွေက ငွေပုံအော ပေးပြီး ကမ်းလှမ်းလာရင်တော့ ငြင်းဆန်နိုင်မှာ မဟုတ်ကြောင်း ဖော်ပြလျက် ရှိပါတယ်။ ဗြိတိန် မီဒီယာ တချို့ကတော့ ဘယ်လင်ဂမ်ဟာ ချဲလ်ဆီးထက် စာရင် လစ်ဗာပူးလ်နဲ့ ရီးရဲယ်မက်ဒရစ် အသင်းတွေကို ရောက်ရှိဖို့ ပိုပြီး ဖြစ်နိုင်ချေ ရှိကြောင်း သုံးသပ်ထားကြပါတယ်။
ချဲလ်ဆီးဟာ လက်တလောမှာ ကွင်းလယ်ပိုင်း အားနည်းနေတာကြောင့် ကွင်းလယ် တိုက်စစ်ရော၊ ကွင်းလယ် ခံစစ် အဖြစ်ပါ ကစားနိုင်တဲ့ ဘယ်လင်ဂမ်ကို အရ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။
ယူကရိန်း နေမာကို ပေါင် သန်း ၅၀ ပေးပြီး ခေါ်မယ့် နယူးကာဆယ်
ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် ကတော့ ရှက်တာဒိုးနက်စ် အသင်းက ယူကရိန်း နေမာလို့ နာမည်ကြီးနေတဲ့ မီခါလို မူဒရစ်ခ်ကို ပေါင် သန်း ၅၀ အထိ ပေးပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမားကို အာဆင်နယ် ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ အပြိုင် ကြိုးပမ်းသွားရဖွယ် ရှိနေပါတယ်။ မြောက်လန်ဒန် ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မူဒရစ်ခ်ကို ပေါင် ၂၅ သန်း နဲ့ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ရှက်တာဒိုးနက်စ် ဘက်က ပယ်ချခဲ့ရသလို အဲဗာတန် ကလည်း စိတ်ဝင်စားခဲ့ပါသေးတယ်။
အသက် ၂၁ နှစ် အရွယ် မူဒရစ်ခ်ဟာ လက်ရှိမှာ ဥရောပရဲ့ အလားအလာ အကောင်းဆုံး လူငယ် တစ်ဦး အဖြစ် သတ်မှတ်ခြင်းခံထားရပြီး ဘရာဇီးလ်က နေမာနဲ့ ကစားပုံ ဆင်တူပြီး ခြေစွမ်းလည်း ကောင်းတာကြောင့် နေမာ လက်သစ် အဖြစ် တင်စားခံနေရသူ ဖြစ်ပါတယ်။ မူဒရစ်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက ရှက်တာဒိုးနက်စ် အတွက် ၂ ဂိုး သွင်းကာ ၁၀ ဂိုး ဖန်တီးပေးခဲ့ပြီး ဒီရာသီ မှာလည်း ပြိုင်ပွဲစုံ ၅ ပွဲ ကစားရာမှာ ၂ ဂိုးသွင်းကာ ၃ ဂိုး ဖန်တီးပေးထားပါတယ်။
အသင်းပြောင်းရွှေ့ဖွယ် ရှိတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်လို့တော့ မူဒရစ်ခ်က “ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့က ကျနော့်ရဲ့ မျှော်လင့်ချက်ပါ။ ကစားသမားအားလုံး ကလည်း ပရီးမီးယားလိဂ်မှာ ကစားချင်ကြမှာပါပဲ။ အခုအချိန်မှာတော့ ရှက်တာဒိုးနတ်စ် အတွက်ပဲ အာရုံစိုက်နေပါတယ်” လို့ ပြောကြားထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.