ဥရုဂွေး အသင်းဟာ ကမ္ဘာ့ဖလား စင်မြင့်ထက်မှာ သမိုင်းကြောင်းကောင်းတွေ ရှိခဲ့ဖူးပြီး လက်ရှိ မျိုးဆက်သစ် ကြယ်ပွင့်တွေ အနေနဲ့ ထိပ်ဆုံး နေရာဆီ ပြန်လည် ပို့ဆောင်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။
ဥရုဂွေး အသင်း အတွက် မာဆယ်လို ဘီယဲလ်ဆာရဲ့ ခေတ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အဆုံးအဖြတ်ပေးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ လူစာရင်းသစ်ဟာ အရင် မျိုးဆက်တွေ သတ်မှတ်ပေးခဲ့တဲ့ စံနှုန်းတွေကို မှီအောင် လိုက်လံ ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
လူးဝစ်ဇ် ဆွာရက်ဇ်နဲ့ အက်ဒင်ဆင် ကာဗာနီ တို့ရဲ့ မိုးပြာရောင် အင်္ကျီဝတ်ဆင်ခဲ့တဲ့ သက်တမ်း ကုန်ဆုံးသွားချိန်မှာ၊ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး နီးကပ်လာချိန်မှာ လာ ဆီလက်စတေးဟာ အသင်းရဲ့ အဓိက မဏ္ဍိုင်ကြီး နှစ်ခုကို ရုတ်တရက် လက်လွှတ်လိုက်ရသလို ဖြစ်သွားခဲ့ပါတယ်။ အခုအချိန်မှာတော့ မကြာသေးမီက ကျဆုံးမှုတွေကို အဖတ်ဆယ်ဖို့ အသည်းအသန် ဖြစ်နေတဲ့ ဥရုဂွေးအသင်းကို ဦးဆောင်ရမယ့် ဖိအားတွေဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဖီဒီ ဗယ်လ်ဗာဒီရဲ့ ပုခုံးပေါ်ကို ကျရောက်လာခဲ့ပါပြီ။
ခြေစွမ်းမမှန်တဲ့ ဒီတောင်အမေရိက အသင်းနဲ့ ဝေဖန်မှုတွေ ရှိနေတဲ့ သူတို့ရဲ့ နည်းပြ အတွက် ဖြေရှင်းရာ ကတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ဆော်ဒီအာရေဗျ အသင်းနဲ့ စတင်ရင်ဆိုင်ရမယ့် မြောက်အမေရိက ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အမြင့်ဆုံး အဆင့်ထိ တက်လှမ်းနိုင်ဖို့ပဲ ရှိပါတယ်။
ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး
- ခြေစစ်ပွဲမှတ်တမ်း – ၇ ပွဲနိုင်၊ ၄ ပွဲရှုံး၊ ၇ ပွဲသရေ
- သွင်းဂိုး – ၂၂ ဂိုး၊ ပေးဂိုး ၁၂ ဂိုး
- ဂိုးသွင်းအများဆုံး – ဒါဝင် နူညက်ဇ် (၅ ဂိုး)
- ဂိုးဖန်တီးမှု အများဆုံး – မက်ဆီ အာရူဟို (၄ ဂိုး)
ဥရုဂွေး အသင်းဟာ ခြေစစ်ပွဲ အစောပိုင်းကာလတွေတုန်းက အလွန်တောင့်တင်းတဲ့ ပုံစံ ရှိခဲ့ပြီး ပထမဆုံး ၆ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့သလို၊ ခရီးလမ်းတစ်လျှောက် ဘရာဇီးလ်နဲ့ အာဂျင်တီးနား အသင်း တို့ကို အထင်ကြီးစရာ နိုင်ပွဲတွေ ရယူနိုင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အသင်းဟာ ရုတ်တရက် ပြိုလဲသွားခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၉ ပွဲ အထိ ရမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဘီယဲလ်ဆာရဲ့ တပည့်တွေဟာ တောင်အမေရိက (CONMEBOL) ခြေစစ်ပွဲ ဇယားရဲ့ အဆင့် ၄ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
နည်းပြချုပ် မာဆယ်လို ဘီယဲလ်ဆာ

ဘီယဲလ်ဆာဟာ ဥရုဂွေး အဝတ်လဲခန်းထဲမှာ သဘောထားကွဲလွဲမှု အများဆုံး ဖြစ်စေသူ တစ်ဦးပါ။ တောင်းဆိုမှု များပြားတဲ့ ဒီအာဂျင်တီးနား လူမျိုး နည်းပြဟာ နှစ်တွေ ကြာလာတာနဲ့ အမျှ ဆွာရက်ဇ် အပါအဝင် ကစားသမား တော်တော်များများနဲ့ ရန်သူဖြစ်ခဲ့ပြီး၊ ဆွာရက်ဇ် ကတော့ နည်းပြဟာ “လေးစားမှု ကင်းမဲ့စွာ”လုပ်ကိုင်တတ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဘီယဲလ်ဆာရဲ့ ကစားသမား စီမံခန့်ခွဲမှု ပုံစံနဲ့ ခေါင်းမာတဲ့ ကစားကွက်ဗျူဟာတွေဟာ ဒီနွေရာသီမှာ ဥရုဂွေး အသင်း ကျဆုံးရခြင်းရဲ့ အကြောင်းအရင်း ဖြစ်သွားနိုင်ပါတယ်။
ဥရုဂွေး အသင်းရဲ့ ကစားကွက်နဲ့ စတိုင်
- နှစ်သက်တဲ့ ကစားကွက် – ၄-၃-၃
- ကစားဟန် – ဘောလုံးပိုင်ဆိုင်မှုအခြေခံ
- အဓိက အားသာချက် – ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု၊ ခံစစ်
- အဓိက အားနည်းချက် – ဂိုးသွင်းယူနိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု
ဥရုဂွေးအသင်းဟာ ဘီယဲလ်ဆာရဲ့ ဘောလုံး ဒဿန (Bielsa-ball) အခြေခံမူတွေကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ ကြိုးစားကြပါတယ်။ အသင်းဟာ မြင့်မားတဲ့ စွမ်းအင်တွေကို အစွမ်းကုန် အသုံးပြုပြီး ပြင်းထန်ပြီး မြန်ဆန်တဲ့ ဘောလုံးပိုင်ဆိုင်မှု စတိုင်နဲ့ ရန်လိုတဲ့ Pressing ပုံစံမျိုးနဲ့ ကစားပါတယ်။ ဒါပေမယ့် လာ ဆီလက်စတေးဟာ တိုက်စစ်ပိုင်း မှာတော့ ခြိမ်းခြောက်မှု သိပ်မပေးနိုင်ဘဲ ဘောလုံးရထားချိန်တွေမှာ ကစားကွက် အကြံအိုက်နေတတ်တာကို မကြာခဏ မြင်တွေ့ရပါတယ်။
စောင့်ကြည့်ရမယ့် ကစားသမားများ
အဓိက အဆုံးအဖြတ်ပေးနိုင်သူ – ဖက်ဒရီကို ဗယ်လ်ဗာဒီ
ဥရုဂွေး ကွင်းလယ် အင်ဂျင် ဖြစ်တဲ့ ဖီဒီ ဗယ်လ်ဗာဒီဟာ မဆုတ်မနစ်တဲ့ ကြိုးစား အားထုတ်မှုနဲ့ ထိပ်တန်းအဆင့် ခံနိုင်ရည် ရှိသူ ဖြစ်ပါတယ်။ ဒီရီးရဲလ်မက်ဒရစ် ကွင်းလယ်လူရဲ့ ခံစစ် စွမ်းရည်၊ တီထွင် ဖန်တီးနိုင်မှုနဲ့ ပြင်းထန်တဲ့ အဝေးကန်ချက်တွေဟာ သူ့ကို ကွင်းထဲက ဘယ်နေရာမှာမဆို အသင်းက လိုအပ်တဲ့ ဘယ်နေရာမှာမဆို ကစားပေးနိုင်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်စေတာ ဖြစ်ပါတယ်။
စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – ဘရိုင်ယန် ရိုဒရီဂွက်ဇ်
အသက် ၂၀ ကျော် နှောင်းပိုင်းကျမှ ခြေစွမ်း အပြည့်အဝ ပွင့်ထွက်လာခဲ့ပေမယ့်၊ ဘရိုင်ယန် ရိုဒရီဂွက်ဇ်ဟာ လက်ရှိမှာ မက္ကဆီကိုကလပ် ကလပ် အမေရိကာမှာ လျှပ်စီးလို မြန်ဆန်လွန်းလို့ “လျှပ်စီးလေး”လို့ အမည်ပြောင်ပေးခံရတဲ့ အထိ စိတ်လှုပ်ရှားစရာ တောင်ပံ ကစားသမား တစ်ဦး အဖြစ် ဖွံ့ဖြိုးလာခဲ့ပါတယ်။ သူဟာ ဥရုဂွေး တိုက်စစ်ရဲ့ မမျှော်လင့်ထားတဲ့ မီးပွားတစ်ခု ဖြစ်ပါတယ်။
ဥရုဂွေးရဲ့ ခန့်မှန်းလူစာရင်း
ကမ္ဘာ့ဖလား အတွက် ဥရုဂွေး အသင်းရဲ့ ပွဲထွက် ၁၁ ယောက် စာရင်း ကတော့ တော်တော်လေး ငြင်းခုံစရာ ရှိနေပါတယ်။ ဒါဝင် နူးညက်ဇ်ကို ဆွာရက်ဇ်ရဲ့ သဘာဝအတိုင်း ဆက်ခံမယ့်သူ အဖြစ် ရှုမြင်ခဲ့ကြပေမယ့် ဘီယဲလ်ဆာ ကတော့ မကြာသေးမီက မက္ကဆီကိုလိဂ် ကစားသမား ရိုဒရီဂို အဂွဲရဲကို ပိုမိုဦးစားပေးခဲ့ပါတယ်။
ညာတောင်ပံ နေရာ ကလည်း အတည်တကျ မရှိသေးဘဲ၊ ပြီးခဲ့တဲ့ မတ်လခြေစမ်းပွဲ နှစ်ပွဲလုံးမှာ ယခင်က ပုံမှန်ကစားခဲ့တဲ့ ဖာကွန်ဒို ပယ်လစ္စထရီရဲ့ နေရာမှာ အဂတ်စတင် ကာနော့ဘီယို က ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ နောက်ထပ် ညာနောက်ခံလူနေရာ အတွက် အပြိုင်အဆိုင် မှာတော့ နာဟီတန် နန်ဒက်ဇ်က နည်းပြရဲ့ ယုံကြည်မှုကို ရထားပေမယ့်၊ သူ မပါဝင်နိုင်တဲ့ အင်္ဂလန်၊ အယ်လ်ဂျီးရီးယား တို့နဲ့ ပွဲစဉ်တွေ မှာတော့ ဂီလာမို ဗာရီလာက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါပေမယ့် သေချာတာ တစ်ခု ကတော့ ဗယ်ဗာဒီက ကွင်းလယ်ရဲ့ အဓိက အချက်အချာ ဖြစ်လာမှာ ဖြစ်ပြီး၊ သူ့ရဲ့ဘေးမှာ ရိုဒရီဂို ဘန်တန်ကာနဲ့ ဂျီယော်ဂျီယန် ဒီ အရက်စကာအေတာ တို့ တွဲဖက်ပါဝင်လာဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ မာနူရယ် အူဂါတေး ကတော့ အရန်ခုံတန်းဆီ ရောက်သွားဖို့ ရှိနေပါတယ်။
လက်ရှိ ခြေစွမ်း
ဥရုဂွေး အသင်း အနေနဲ့ မတ်လအတွင်းက ကစားခဲ့တဲ့ ပွဲစဉ် ရလဒ်တွေက အနည်းငယ် စိတ်ပျက်စရာပါ။ အသင်းဟာ အင်္ဂလန် အသင်းကို ပွဲပြီးခါနီး ပင်နယ်တီကြောင့်သာ ၁-၁ နဲ့ သရေရလဒ်ကို အသည်းအသန် လုယူခဲ့ရသလို၊ အဲ့လ်ဂျီးရီးယား အသင်းနဲ့ ပွဲမှာလည်း ဂိုးမရှိ သရေရလဒ်သာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။
လာ ဆီလက်စတေးဟာ ၂၀၂၅ ခုနှစ်ကတည်းက စတင်ကာ အခုဆိုရင် ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပြီး၊ ဒီရလဒ် ၄ ခုလုံးက ထင်ရှားတဲ့ ပြဿနာတစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ အဲဒါကတော့ ဂိုးသွင်းယူနိုင်မှု အားနည်းခြင်းပါပဲ။ အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ မိနစ် ၃၆၀ အတွင်းမှာ သွင်းဂိုး ၂ ဂိုးသာ ရရှိခဲ့ပြီး ၁ ဂိုးတည်းသာ Open play ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။ နူညက်ဇ်ဟာ အဲဒီပွဲတွေထဲက တစ်ပွဲမှ ပွဲထွက်ခွင့် မရခဲ့ဘဲ၊ ဘီယဲလ်ဆာ ကတော့ ဒီတိုက်စစ်မှူးကို အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ဖို့ အခွင့်အရေး ပေးဖို့ ဆန္ဒမရှိပုံ ရပါတယ်။
အသင်း အပေါ် ခန့်မှန်းချက်များ
၂၀၁၀ ပြည့်နှစ်တုန်းက စတုတ္ထနေရာ ရရှိခဲ့ပြီး ကတည်းက ဥရုဂွေး အသင်း အပေါ် ဖိအားတွေ ပိုမိုကြီးထွားလာခဲ့ပါတယ်။ အဲဒီ စိတ်လှုပ်ရှားစရာ ကောင်းမွန်တဲ့ ခရီးစဉ်ကို အခြေခံပြီး ပိုမိုတိုးတက်အောင် မလုပ်နိုင်ခဲ့ဘဲ လာ ဆီလက်စတေးဟာ ကာတာ ကမ္ဘာ့ဖလား တုန်းက အုပ်စုအဆင့် ကနေတင် လှည့်ပြန်ခဲ့ရတဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။
ပရိသတ်တွေ ကတော့ (၂) ကြိမ်တိုင်တိုင် ကမ္ဘာ့ဖလား ရရှိဖူးတဲ့ သူတို့ အသင်းရဲ့ အင်္ကျီရင်ဘတ်ပေါ်က ကြယ်ပွင့်တွေရဲ့ ဂုဏ်သိက္ခာနဲ့ အညီ ခြေစွမ်းပြသနိုင်မယ့်အချိန်ကို စောင့်ဆိုင်းရလွန်းလို့ ငြီးငွေ့နေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလည်း ထပ်မံ စောင့်ဆိုင်းရဦးမယ့် အနေအထားမှာ ရှိနေပါတယ်။ ဥရုဂွေး အသင်းဟာ အုပ်စု (H) မှာ စပိန်အသင်းရဲ့ နောက် ဒုတိယနေရာ နဲ့သာ နောက်တဆင့် တက်ဖို့ ခန့်မှန်းခံထားရပြီး၊ အဲဒီလို ဖြစ်လာခဲ့ရင်တော့ အုပ်စု (J) ရဲ့ အုပ်စုပထမ ဖြစ်လာနိုင်ချေ ရှိတဲ့ အာဂျင်တီးနား အသင်းနဲ့ ၃၂ သင်းအဆင့်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ် ကတော့ စာရွက်ပေါ်က အခြေအနေအရ သုံးသပ်ရရင် ဘီယဲလ်ဆာရဲ့ အသင်း အနိုင်ရဖို့ အခွင့်အရေး အလွန် နည်းပါးတဲ့ ပွဲစဉ် တစ်ခု ဖြစ်လာပါလိမ့်မယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


