၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ဂိုးသမားတွေကို ရွေးချယ် ဖော်ပြပေးပြီးတဲ့နောက် မှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကြတဲ့ နောက်ခံလူတွေကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
အဲ့တော့ နောက်ခံလူလို့ ပြောရင် ဂေါင်းကြီးနဲ့ပဲ စရမှာပေါ့။ ဟဲဟဲ…။ စတာပါဗျာ။ ခံစစ်ကစားသမားလို့ ဆိုလိုက်တာနဲ့ ဟယ်ရီ မက်ဂွိုင်းယားပဲ ပြေးမြင်မိလို့ ခွင့်လွှတ်စေချင်ပါတယ်။ ဘော်ဒါတို့…။ ကဲဒါဆို အတည်စလိုက်ကြရအောင်ဗျာ။
၅။ ဟယ်ရီ ဆောက်တာ (ဩစတြေးလျ)
ဒီကစားသမား အကြောင်းကို “၂၀၂၂ ကမ္ဘာ့ဖလား ကနေ မမျှော်လင့်ပဲ ပေါ်ထွက်လာတဲ့ ကြယ်ပွင့်များ” ဆောင်းပါးမှာ ဖော်ပြပြီးသွားပါပြီ။ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူတွေ အများကြီး ရှိပါရက်နဲ့ ဘာကြောင့် ဒီဩဇီ ကစားသမားကို ရွေးချယ်ရလဲ လို့ မေးကောင်း မေးနိုင်ပါတယ်။ အဲ့အတွက်လည်း အဖြေရှိပြီးသားပါ။ စတုတ်စီးတီး နောက်ခံလူ ဟာ ကမ္ဘာ့ဖလား မတိုင်ခင် ၁၂ လ အတွင်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁ ပွဲသာ ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြန်လည် သက်သာလာချိန် မှာတော့ နိုင်ငံလက်ရွေးစင်အသင်း အတွက် အရွေးချယ်ခံခဲ့ရပါတယ်။ ဒီအခွင့်အရေးကို ဆောက်တာ တစ်ယောက် လက်လွှတ်မခံခဲ့ပဲ အရင်ထက်တောင် ပိုပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ပုံစံမျိုးနဲ့ ကြိုးစား ကစားသွားခဲ့ပါတယ်။ သူ ဦးဆောင်တဲ့ ဩဇီရဲ့ ခံစစ်က သိသိသာသာ ကျစ်လျစ် မာကျောခဲ့ပြီး သားပိုက်ကောင်တွေ ကိုလည်း ရှုံးထွက်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ် အရွယ် ဒီကစားသမားဟာ အရပ်အမောင်း ၆ ပေ ၆ လက်မ ရှိတာကြောင့် အမြင့်ဘောတွေ ရှင်းထုတ်တဲ့ နေရာမှာ အားသာသူလည်း ဖြစ်ပါတယ်။
၄။ ရာဖေးလ် ဗာရန်း (ပြင်သစ်)
ဒီစာရင်းမှာ ရာဖေးလ် ဗာရန်းကို မထည့်လို့ကို မရပါဘူး။ ထင်သာ မြင်သာလောက်အောင် ကောင်းမွန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပေမယ့် အူပါမီကာနိုနဲ့ အတွဲအဖက်ညီညီ ကစားပြီး ပြင်သစ်ရဲ့ ခံစစ်ကို တတ်နိုင်သမျှ လုံခြုံစေခဲ့ပါတယ်။ ပြင်သစ်ဟာ ပွဲတိုင်းလိုလို အနည်းဆုံး ၁ ဂိုးလောက်တော့ ပေးခဲ့ရပေမယ့် ဗာရန်း ပါတဲ့ ခံစစ်က ဗိုလ်လုပွဲ မတိုင်ခင် ရှုံးထွက် အဆင့်တွေမှာ open-play ကနေ ဂိုးလုံးဝ မပေးခဲ့ရပါဘူး။ ဗိုလ်လုပွဲ မှာတော့ အာဂျင်တီးနားရဲ့ တိုက်စစ်စုဖွဲ့မှု ပုံစံကောင်း တစ်ခုကြောင့် ပြင်သစ် ခံစစ်က ၃ ဂိုးထိ ခွင့်ပြုပေးခဲ့ရပြီး ဗာရန်း ဟာလည်း ဒဏ်ရာကြောင့် အချိန်ပို ၁၁၃ မိနစ် အရောက်မှာ ကိုနာတေးနဲ့ လူစားလဲခံခဲ့ရပါတယ်။
၃။ ခရစ္စတီယန် ရိုမဲယို (အာဂျင်တီးနား)
တော့တင်ဟမ်ဟော့စပါး ဗဟိုခံစစ်မှူး ခရစ္စတီယန် ရိုမဲယို ကလည်း အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်ခဲ့ခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ရိုမဲယိုဟာ မော်ဒန်ခေတ် နောက်ခံလူ တစ်ဦး ဖြစ်တာနဲ့ အညီ ပွဲတစ်ပွဲကို ရှုမြင်နိုင်ပြီး အသင်းကို ကွပ်ကဲ ကစားတဲ့ နေရာမှာ ထူးချွန်သူ ဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို အဝင်အထွက် ခပ်ရဲရဲ၊ ခပ်ကြမ်းကြမ်း ကစားတတ်တဲ့ ရိုမဲယိုဟာ ဒီပြိုင်ပွဲမှာ မဖြစ်မနေ အောင်မြင်မှု ရကို ရရမယ် ဆိုတဲ့ စိတ်ဓာတ် ခွန်အား အပြည့်နဲ့ ကစားသွားခဲ့တယ်လို့ မြင်မိပါတယ်။ ရိုမဲယို တစ်ယောက် ဘယ်လောက်အထိ စိတ်ဓာတ် ပြင်းထန်ခဲ့သလဲ ဆိုရင် စပါး အသင်းဖော် ဟယ်ရီကိန်း ကိုတောင် အကယ်၍ အာဂျင်တီးနားနဲ့ အင်္ဂလန်တို့ တွေ့ဆုံခဲ့ရင် “မညှာဘူး။ အသေကြုံးမှာ” ဆိုပြီး ပြောဆိုခဲ့တဲ့ အထိ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
၂။ ရိုမိန်း ဆာအိစ် (မော်ရိုကို)
မော်ရိုကို ခံစစ် ကျောက်ဆောင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ရိုမန်း ဆာအိစ်ဟာ နိုင်ငံ အတွက် ဘယ်လောက်အထိ ပေးဆပ် ကစားခဲ့သလဲ ဆိုတာ ပွဲကြည့်ခဲ့သူတွေ သိကြပါလိမ့်မယ်။ ဝုဗ် နောက်ခံလူဟောင်း ဆာအိစ် ဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားပေမယ့် ပြင်သစ်နဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မော်ရိုကိုရဲ့ ပွဲထွက်ကစားသမား အဖြစ်နဲ့ ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၂၁ မိနစ် မှာတော့ ဘယ်လိုမှ တောင့်ခံနိုင်ခြင်း မရှိတော့တဲ့ အတွက် ဆာအိစ် တစ်ယောက် လူစားလဲခဲ့ရပါတယ်။ တစ်ဖက်က ကြည့်ရင် ဒါဟာ ချီးကျူးစရာ ကောင်းတဲ့ နိုင်ငံ အတွက် ပေးဆပ်လိုစိတ် ဖြစ်ပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်တော့ အသင်း အတွက် နစ်နာစရာ အခြေအနေ တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။
၁။ ဂျော့စ်ကို ဂဗာဒီယိုလ် (ခရိုအေးရှား)
ဒီနှစ် ကမ္ဘာ့ဖလားမှာ ဂဗာဒီယိုလ် လောက် ကောင်းတဲ့ နောက်ခံလူ တစ်ယောက်မှ မရှိဘူး ဆိုရင် လက်မခံချင်လည်း လက်ခံလိုက်ပါ လို့ပဲ ပြောချင်ပါတယ်။ ခရိုအေးရှား ဗဟိုခံစစ်မှူးဟာ သူ့ရဲ့ အသွင်အပြင်ကြောင့် အသက် ၃၀ နီးပါး ရှိပြီ ထင်ရပေမယ့် တကယ်တမ်းက အသက် ၂၀ ပဲ ရှိပါသေးတယ်။ သူ့ရဲ့ ဘောလုံး အမြင်၊ ပါးနပ်မှု၊ တည်ငြိမ်မှု၊ ဆုံးဖြတ်ချက် ပိုင်နိုင်မှုတွေက အရွယ်နဲ့ မလိုက်အောင် အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ ကမ္ဘာ့ဖလား မစခင် ကတည်းက ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေခဲ့တဲ့ ဂဗာဒီယိုလ်ဟာ ဒီပြိုင်ပွဲမှာ သူ့ရဲ့ လက်ရှိ တန်ကြေးကို ၂ ဆ နီးပါး ဆွဲတင် နိုင်ခဲ့တဲ့ အထိ အကောင်းဆုံး စွမ်းဆောင်ပြခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.